
.
ကျွနုပ်တို့ ၏ရင်ထဲ မှ သင်တို့၏ ရင်ထဲသို့
ကျနော်၏အသဲနှလုံးဘက်မှခုခံကာကွယ်
ပြောဆိုရန်အင်အားကျန်သေးသည့်အတွက်
ဂုဏ်ယူလိုက်မိပါသည်။
ဖူးချစ်
.
.
( ၁ )
သူ့ရဲ့ ကြိုးစင်ပေါ်ကမှတ်စု” တခါဖတ်ပြီးတိုင်း …
တခါတုန်လှုပ် ခဲ့ရပါတယ်။ အဲဒီမှတ်စုကို၊ သူသေဆုံးတော့
မယ်လို့သိနေချိန်၊ သေဒါဏ်အမိန့် ကြားသိပြီးချိန်မှာ ရေးခဲ့
တာပါပဲ။အံ့ဩဖွယ်ရာ သူ့မှတ်စုဟာ ရေးသားခဲ့တဲ့ ကာလနဲ့
မထိုက်တန်စွာ ‘အချစ်စိတ်’ တွေပြည့်လျှမ်းနေတယ်။ ဤ
လူလောကအားသူ့အချစ်၊ ဤလူသား တို့အား သူ့အချစ်၊
အနာဂါတ် ပျော်ရွှင်မှုအား သူ့အချစ်၊ ‘သင်တို့ကို ကျွန်ုပ်
ချစ်ခဲ့ပေသည်” တဲ့။
တကယ်လို့သာ ကျနော်တို့ဟာ သေရတော့မှာ မလွဲမသွေ
သိရှိနေတဲ့အချိန်၊ သေအံ့မူးမူးအချိန်မှာ ရောက်ရှိနေလို့ဖြစ်
ရင်၊ သူ့လိုသူ့ခေတ်ကို နူးညံ့ထက်ရှစွာ၊ စိတ်လက်ရှည်စွာ၊
တည်ငြိမ်စွာစီကာပတ်ကုံး ပြောပြရေးသားနိုင်ခဲ့ပါ့မလား။
ကျနော်တို့ဟာနောင်တနဲ့ ငိုယိုနေသူတွေဖြစ်မလား။
ဆဲရေးကျိမ်စာတိုက် နေသူတွေဖြစ်မလား။
အဲသလိုသံသယများနဲ့ အမှောင်ဆည်းဆာထဲမှာ
ကျနော်တို့ဟာ မိမိကိုယ်မိမိ ပျောက်ဆုံးနေခဲ့ကြတယ်။
(၂)
တကယ်တော့ ကျနော်တို့တတွေဟာ အဝိဇ္ဇာဖိစီးမှု
အောက်မှ ‘အမြိုက်ရေကြည်” လေးတစ်ပေါက်လောက်နဲ့
ခရီးဆက်နေရသူတွေပါပဲ။ ခေတ်နဲ့ လောကဓံရဲ့ ရိုက်ပုတ်
မှုကြောင့် မြုတ်ချည်ပေါ်ချည်နဲ့ ‘ဘဝအလွမ်း၊ဘဝအမော”
တွေသာ ရင်မဆန့်အောင်သယ်ဆောင် နေရတယ်..။
လူငယ်ဘဝရဲ့ ခွန်အားနဲ့ ပျော်ရွှင်မှုတွေဟာ ပြန်မတွေးရဲ
လောက်အောင်ပဲ ကုန်ခမ်းခဲ့ရပါပြီ..။
တခါတလေ ဘဝကိုငြီးငွေ့မိတဲ့အထိ နိဌာရုံတွေဟာ .
နီးနီးကပ်ကပ် အော်ဟစ်နေကြလေရဲ့။ နိုင်ငံရေး၊ အချစ်၊
ဘဝကိုချစ်တတ်လို့သာဘဲ။
‘ဘဝကို ငြီးငွေ့တာလောက်လူမဆန်တာမရှိဘူး’
လို့ ပြောပြချင်ခဲ့ပါတယ်။
‘လူသားဟာဒုက္ခ၊ ဗျာပါဒရောက်ရှိချိန်မှာ
ဆွံ့အနေပေမဲ့ … ငါ့မှာတော့၊ ငါခံစားရတာတွေကို …
ဖော်ပြဘို့၊ဘုရားပေးပါရမီရှိတယ်” ဆိုတဲ့
ကဗျာလေးတပိုဒ် ကိုသတိရနေခြင်းနဲ့
ကျနော်တို့ ‘ဒီနေ့” ကိုရင်ဆိုင်ရဲခဲ့တယ်။
(၃)
လွန်ခဲ့တဲ့ ‘၁၀နှစ်’ ကဆိုရင်ကျနော်တို့ဟာ
ကလေး သာသာတွေပေါ့။ အဲသလိုနဲ့ ၁၀နှစ်ကို ဖြတ်သန်းခဲ့
ကြတော့ ကျနော်တို့ရှေ့က လူများရဲ့ အတွေ့အကြုံနဲ့
မယဉ်ပါးခဲ့ရဘဲ၊ သူတို့မခံစားဘူးတဲ့
နေ့ရက်တွေနဲ့ ခါးခါးသီးသီး ထိတွေ့ခဲ့ရတယ်။
နုပျိုတဲ့ရင်ခုန်သံတွေဟာ အဆိပ်သင့်လို့ဘဲ
စကားသံတွေဟာ ကြမ်းတမ်းနေတယ်။
ချစ်သူနဲ့ဆုံတဲ့အခါတောင် ဥပက္ခာစိတ်နဲ့ တဝက်ပဲ
ချစ်ရတယ် ဆိုသလိုပါဘဲ။ ပတ်ဝန်းကျင်မှာ ‘လူ့ဆက်ဆံ
ရေးတွေဟာလည်းပဲကြောက်မက်ဖွယ် ရှုပ်ထွေးနက်ရှိုင်းစွာ
ကွေ့ကောက်နေတော့တယ်..။ ဒီလိုဆိုတော့ ကျနော်တို့
နှလုံးသား၊ ခင်ဗျားတို့နှလုံးသား၊ သူတို့နှလုံးသားများရဲ့
ခေါ်ထူးပဲ့တင်မှု မပြုနိုင်တော့ဘူးလား။
အတွင်းသားကိုရော မစူးစမ်းနိုင်တော့ဘူးလား။
မဟုတ်ပါရစေနဲ့၊ မဖြစ်ပါရစေနဲ့။
မိမိဘဝနဲ့ မိမိအတိုင်းအတာနဲ့ မိမိအသံနဲ့၊
အားလုံးဟာ ဆောင်ရွက်ခဲ့ပါတယ်။
အခု ‘၇၄’ အရိပ်တို့လည်း ရှည်မျောခဲ့ပါပြီ..။
ဘဝတွေလဲပွန်းပဲ့ခဲ့ပါပြီ။ အသံတွေလဲ နာခဲ့ပါပြီ။
ကျနော်တို့ကောင်းကင်မှာဘယ်လို
ကောင်းကင်ကြီး ရှိပါသလဲ။
ကျနော်တို့ခေါင်းပေါ်မှာဘယ်လို ကောင်းကင်ကြီး
ရှိပါသလဲ။ ‘ဘဝဆိုတာတိုတောင်းတယ်” လို့
သိရှိပြီး တဲ့နောက်။ဒီကောင်းကင်ကြီး အောက်မှာ
ဆက်လက်လမ်းလျှောက်ဖို့ ‘ခရီး’အတွက်
“ဖိနပ်” ကိုရွေးချယ်ပြီး ဖြစ်ရပါတော့မယ်။
မိမိခရီးနဲ့မိမိဖိနပ်အတွက်၊ လူ့သက်တမ်း တဝက်လောက်
ကျနော်တို့ဟာရှာဖွေခဲ့ပြီးပြီ မဟုတ်ပါလား။
ဒီကောင်းကင်ကြီးအောက်မှာ
ကျနော်တို့ကဗျာတွေရေးတယ်။
ကဗျာဆရာအဖြစ် မိမိကိုယ်ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
(၄)
လူတိုင်းဟာ မိမိ ‘အလုပ်’ ကိုလေးမြတ် သင့်ပါတယ်။
ကျနော်တို့ မိမိအလုပ်ကို လေးမြတ်ဖို့အတွက်
အသက်ရှူနေပါတယ်။
အချို့ကိုလည်း ထားခဲ့ပါတယ်။
တချို့ကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။
တချို့ကိုတော့ လေးစားပါတယ်။
(၅)
တချို့ကိုလည်း ကျေးဇူးများစွာတင်ပါတယ်။
အခုမှစရမဲ့ကျနော်တို့ အတွက် ပြန်ကြည့်စရာ ကားချပ်များ
လိုအပ်လှပါတယ်။
သေဆုံးမှုအဖန်ဖန်၊ မွေးဖွားမှုအဖန်ဖန်မှာ၊
ကျနော်တို့ရဲ့ အခုတခါမွေးဖွားမှုဟာ
ဤကမ္ဘာထဲသို့ မိမဲ့၊ ဖမဲ့ အလိုအလျောက်
ရောက်ရှိလာတယ်လို့ မတွေးထင်သင့်ပါ။
ကျနော်တို့ခရီးမှာ အခုထက်တိုင် စိမ်းစိုနေတဲ့ .
ကားချပ်ကတော့ ‘စာပေသစ်” ပါပဲ။
‘၇၀’ အလွန်မှာမှ တစစလှုပ်လွန်ပြီး
အရွယ်နဲ့မမျှအောင် ဆွဲချဖျက်ဆီးခံနေရတဲ့
“ခေတ်ပေါ်ကဗျာ’ ဟာ၊
လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်က‘ရွေးချယ်မှု’ ရဲ့
‘စွန့်စားခန်း’ ကိုစာနာနိုင်ပါတယ်။
“လောကအမွန်” “မတ်လတော်လှန်ရေး”
နဲ့ ‘တဟီတီသွားရအောင်” ရဲ့ ဆက်သွယ်မှုမှာ –
ကျနော်တို့ ဝင်စားခဲ့ပါတယ်။
ကျေးဇူးများစွာတင်ပါတယ်။
.
👇ကဗျာဆရာ နာမည်ကို နှိပ်၍ဖတ်ပါ